KNPP

knpp-and-karenni-history-brief

 

ကရင်နီအမျိုးသားခုခံတော်လှန်ရေးနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၏ အခန်းကဏ္ဍ။

၁။ ကရင်နီပြည်၏ နောက်ခံသမိုင်းအကျဉ်းချုပ်။

 

ကရင်နီပြည်သည် လွန်ခဲ့သောနှစ်ပေါင်းတထောင်ကျော်ကတည်းက ကျူးကျော်နယ်ချဲ့လာသော ယွန်းလူမျိုးများကို တိုက်ခိုက်မောင်းထုတ်နိုင်ပြီး သီးခြားလွတ်လပ်သော ပြည်တစ်ပြည်အဖြစ် ရပ်တည်ခဲ့သည်။ ထိုအချိန်တွင် ကရင်နီပြည်တွင်ပါဝင်သော နယ်များမှာ ဘောလခဲ(တဘောတခဲ)နယ်၊       ကြယ်ဖိုးကြီး(ကေးလျား) နယ်၊ နောင်ပလဲ(နို့ပလာ)နယ်၊ နန်းမယ်ခုံ(နျားမခု)န ယ်နှင့်ကန္တရဝတီ(တလွေကေ)နယ်တို့ဖြစ်သည်။ကရင်နီပြည်၏   နယ်နမိတ်မှာ မြောက်ဘက်သို့လားလျှင် မခွီကလို့၊ မီဘူး၊ ဘေးပေ့၊ တောင်သို့လားလျှင် ဖါပွန်နယ်၊ အနောက်ဘက်သို့ လားလျှင်စစ်တောင်းမြစ်၊ အရှေ့ဘက်သို့လားလျှင် မယ်ဟာဆောင်ဒေသဖြစ်သည်။ အဆိုပါ နယ်ငါးနယ်ကို စောဖျာအသီးသီးက လွတ်လပ်စွာအုပ်ချုပ်ခဲ့ကြသည်။ နောက်တွင် နော်ပလဲနှင့် နန်းမယ်ခုတို့သည် မြောက်ဘောလခဲနှင့် ပူးပေါင်းလိုက်ပြီး နယ်သုံးနယ်သာ ကျန်ရှိခဲ့သည်။ ၄င်းတို့မှာ ဘောလခဲ၊ ကြယ်ဖိုးကြီး၊ ကန္တရဝတီနယ် တို့ဖြစ်သည်။ ဤနယ်သုံးနယ်ကို ကရင်နီစောဖျာများက အစဉ်အဆက် လွတ်လပ်စွာ အုပ်ချုပ်ခဲ့ ကြသည်။ စောဖျာများတို့သည် မိမိတို့နယ်ကို လွတ်လပ်စွာအုပ်ချုပ်ကြသော်လည်း ကရင်နီပြည်ကို ပြည်ပရန် ကျူးကျော်လာသောအခါ စုပေါင်းကြပြီး ကာကွယ်တိုက်ထုတ်လေ့ရှိသည်။ ဤနည်းဖြင့် ကရင်နီပြည်၏ သီးခြား လွတ်လပ်ရေးကို ကာကွယ်ထိန်းသိမ်းကြသည်။

 

၂။ ဒုတိယကမ္ဘာစစ်ကြီးနှင့် ကမ္ဘာစစ်ကြီးနောက်ပိုင်း ကရင်နီပြည်၏အခြေအနေ။

ဒုတိယကမ္ဘာစစ်ကြီးအတွင်းတွင် ကရင်နီပြည်စောဖျာများနှင့် ကရင်နီခေါင်းဆောင်တို့သည် မဟာမိတ် တပ်၊ အမှတ်-(၁၃၆)၏ အကူအညီရယူပြီး ပြောက်ကျားတပ်များဖွဲ့စည်းကာ ဖက်ဆစ်ဂျပန်ကို ခုခံတိုက်ထုတ်ကြ သည်။ ကမ္ဘာစစ်ကြီးပြီးဆုံး၍ အင်္ဂလိပ်တို့ပြန်လာပြီး ဗမာပြည်ကို ကိုလိုနီစနစ်အရ အုပ်ချုပ်ခဲ့သည်။ ကရင်နီပြည် လည်း ရှေးကကဲ့သို့ သီးခြားလွတ်လပ်သော ပြည်တစ်ပြည်အဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့သည်။

စစ်ကြီးပြီးသည့်နောက် ထူးခြားချက်တစ်ခုမှာ မိုးဗြဲအနေဖြင့်ကရင်နီပြည်တွင် ပါဝင်လာခြင်းဖြစ်သည်။ ၁၉၄၆-ခုနစ်၊ ဧပြီလ(၃)ရက်နေ့တွင် လွိုင်ကော်မြို့၊ ကန္တရဝတီရုံးခန်၌ အစည်းအဝေးတစ်ရပ်ခေါ်ယူကျင်းပခဲ့ သည်။ ထိုအစည်းအဝေးသို့ ကန္တရဝတီနယ်၊ ကြယ်ဖိုးကြီးနယ်၊ ဘောလခဲနယ်နှင့် မိုးဗြဲနယ်တို့မှစောဖျာများ၊ နယ်ရှင်များ၊ မြို့စားများ၊ ပြည်သူလူထုကိုယ်စားလှယ်များ စုံညီစွာတက်ရောက်ခဲ့ကြသည်။ ထိုအစည်းအဝေးတွင် ကရင်နီပြည်တစ်ပြည်လုံးအတွက်ကောင်စီတစ်ရပ် သို့မဟုတ် လွတ်တော်တစ်ရပ်ဖွဲ့စည်းရန် ဆွေးနွေးကြသည်။ အစည်းအဝေးတက်ရောက်သော ကိုယ်စားလှယ်များ၏ အများဆန္ဒအရ ကရင်နီ-ပုဒေါင်ကောင်စီတစ်ရပ် ဖွဲ့စည်း ရန် သဘောတူညီကြသည်။ ကောင်စီဝင်လူကြီးများအဖြစ် နယ်တနယ်တွင် စောဖျာ၏ လက်ထောက်တစ်ဦးနှင့် လူထုကိုယ်စားလှယ်သုံးဦး၊ ပေါင်းလေးဦးနှုန်းဖြင့်ပါဝင်ရန်ဖြစ်သည်။ ကရင်နီပြည်တွင် မိုးဗြဲနယ် ပါဝင်လာသဖြင့် နယ်လေးနယ်ရှိသည်။ ထို့ကြောင့်ကောင်စီဝင်လူကြီးမှာ(၁၆)ဦးရှိသည်။ ကောင်စီ၏ဥက္ကဌအဖြစ် ဦးစိန်နှင့် အတွင်းရေးမှူးအဖြစ် ဦးဘသောင်းတို့ကိုရွေးချယ်တင်မြောက်ကြသည်။ ကျန်ကောင်စီလူကြီးများမှာ အာဏာပိုင် စောဖျာများကို အကြံပေးရန်၊ ကရင်နီပြည်အတွက် လိုအပ်သောဥပဒေများကို ရေးဆွဲ၍ အာဏာပိုင်စောဖျာများ ၏သဘောတူညီမှုဖြင့်ပြဌါန်းရန်ဖြစ်သည်။

 

၃။ ကရင်နီပြည်နှင့် ဗြိတိသျှဗမာပြည်ဆက်ဆံရေး။

 

ကရင်နီပြည်သည် ဒုတိယကမ္ဘာစစ်ကြီးကြောင့်ညက်ညက်ကျေပျက်စီးခဲ့သည်။ ဗြိတိသျှထံ အကူအညီ တောင်းခံသော်လည်း အကူအညီမရရှိခဲ့ပေ၊ ထိုအတောအတွင်းတွင် အင်္ဂလိပ်တို့က ဖွဲ့စည်းလိုက်သော တောင်တန်းဒေသအုပ်ချုပ်ရေးအဖွဲ့က မိမိတို့တောင်တန်းဒေသအုပ်ချုပ်ရေးအဖွဲ့တွင်ပါဝင်ရန် တိုက်တွန်းခဲ့ သည်။

တဖက်တွင် ဖဆပလအဖွဲ့ချုပ်က နောင်လွတ်လပ်ရေးရရှိမည့် ဗမာပြည်တွင်ပါဝင်ရန် မဲဆွယ်ခဲ့ကြ သည်။ ဤအခြေအနေတွင် ကရင်နီပြည်အနေဖြင့် ပြည်ပနှင့်မဆက်ဆံ၍ မရတော့သည့် အခြေအနေသို့ ဆိုက်ရောက်ခဲ့သည်။ အခြေအနေအရ ပြည်ပနှင့်ဆက်ဆံနိုင်ရန် လေ့လာရေးအဖွဲ့ ဖွဲ့ရန်လိုအပ်နေပါသည်။ ထို့ကြောင့် ကန္တရဝတီနယ်မှ အာဏာပိုင်စောဖျာစပ်စောလဝီ၊ စပ်ဇီန၊ လူထုကိုယ်စားလှယ် ဦးစိန်၊ ဦးဘသောင်း၊ ဦးစောသိန်း၊ ကိုငြိမ်း၊ ကြယ်ဖိုးကြီးနယ်မှ အာဏာပိုင်စောဖျာစောရွေ၊ လူထုကိုယ်စားလှယ် ဦးအေးမြလေး၊ မောင်ဖိုး၊ ဘောလခဲနယ်မှ အာဏာပိုင်ဦးဘီတူရီ၊ လူထုကိုယ်စားလှယ်ဦးလွီးဇီ၊ မိုးဗြဲနယ်မှအာဏာပိုင် ဦးသိုင်းဘဟန်၊ လူထုကိုယ်စားလှယ် စောဘိခဝါတို့ဖြင့် လေ့လာရေးကိုယ်စားလှယ်အဖွဲ့ ဖွဲ့ခဲ့သည်။ ဤကိုယ်စား လှယ်အဖွဲ့သည် ၁၉၄၆-ခုနစ်၊ ဧပြီလ (၂၄)ရက်နေ့တွင် ဗြိတိသျှ-ဗမာပြည်သို့ ဆင်းသွားခဲ့သည်။ ဤလေ့လာ ရေးကိုယ်စားလှယ်အဖွဲ့၏ရည်ရွယ်ချက်မှာ-

(၁) တောင်ငူမြို့တွင် စောဂျွန်ဆင် ဒီဖိုးမင်း၏ ကရင်အစည်းအဝေးသို့ တက်ရောက်လေ့လာရန်၊

(၂) ဗြိတိသျှ-ဗမာပြည် ဘုရင်ခံနှင့် တွေ့ဆုံပြီးအကူအညီတောင်းရန်၊

(၃) ရန်ကုန်တွင် ဗြိတိသျှ-ဗမာပြည်၏နိုင်ငံရေးအခြေအနေကိုလေ့လာရန်တို့ဖြစ်သည်။

ဤလေ့လာရေးအဖွဲ့သည် ဧပြီလ(၂၆)ရက်နေ့တွင် တောင်ငူမြို့ စောဂျွန်ဆင်ဒီဖိုးမင်း၏ အစည်းအဝေး ကို တက်ရောက်လေ့လာခဲ့သည်။ ထို့နောက်ရန်ကုန်သို့ ဆက်လက်ဆင်းသွားပြီး ကရင်ခေါင်းဆောင် စောဘဦးကြီးအိမ်တွင် တည်းခိုခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ဖိတ်ခေါ်မှုအရ ဖဆပလအဖွဲ့ချုပ်သို့ သွားရောက် ပြီး ဖဆပလအဖွဲ့ဝင်များနှင့်ဓါတ်ပုံ ပူးတွဲရိုက်ခဲ့သည်။ ဤလုပ်ရပ်ကို အင်္ဂလိပ်အစိုးရကမနှစ်မြို့သဖြင့် အင်္ဂလိပ်အစိုးရနှင့်ဆက်ဆံရေး အဆင်မပြေဖြစ်ခဲ့သည်။ ထို့ကြောင့် ဗြိတိသျှ-ဗမာပြည်ဘုရင်ခံနှင့် မတွေ့နိုင် တော့ဘဲ ကရင်နီပြည်သို့ ပြန်လာခဲ့သည်။

လေ့လာရေးအဖွဲ့၏ တွေ့ဆုံမှုအရ ကရင်နီပြည်သီးခြားလွတ်လပ်ရေးသည် စက္ကုပေါ်တွင်သာရှိကြောင်း လက်တွေ့အကောင်အထည်ဖော်ရန်လိုအပ်ကြောင်း လက်တွေ့အကောင်အထည်ဖော်ရန်မှာ ကရင်နီပြည်၏ အုပ်ချုပ်ရေးကို ပြုပြင်ပြောင်းလဲပြီးတပြေးညီဖြစ်ဖို့လိုအပ်ကြောင်း၊ ထို့အပြင် ကရင်နီ-ပုဒေါင်ကောင်စီဥက္ကဌ ဦးစိန်နှင့် အတွင်းရေးမှုးဦးဘသောင်းတို့မှာ ကရင်နီပြည်၏သီးခြားလွတ်လပ်ရေးကိုမထောက်ခံဘဲ ဗမာပြည်နှင့် ပှုးပေါင်းရန်သာလိုလားကြောင်း စသည်တို့ကိုတွေ့ရှိရသည်။ ထို့ကြောင့်ဦးဘီတူရီသည် ကရင်နီပြည်၏ သီးခြား လွတ်လပ်ရေးကို ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် ဗဟိုမှချုပ်ကိုင်သောအုပ်ချုပ်ရေးစနစ်ကိုချမှတ်ဖို့ လိုအပ် ကြောင်းလိုက်လံစည်းရုံးခဲ့သည်။ ၁၉၄၆-ခုနစ်၊ စက်တင်ဘာလ(၁၁) ရက်နေ့တွင် လွိုင်ကော်၌ အစည်းအဝေး တစ်ရပ်ပြုလုပ်ကျင်းပခဲ့သည်။ ဤအစည်းအဝေးသို့ နယ်လေးနယ်မှစောဖျာများ၊ နယ်ရှင်များ၊ လူထုကိုယ်စား လှယ်များတက်ရောက်ခဲ့သည်။ အစည်းအဝေးတွင် ဦးဘီတူရီက ကရင်နီပြည်၏သီးခြားလွတ်လပ်ရေးကို ထိန်းသိမ်းရန်အတွက် သီးခြားလွတ်လပ်သောကရင်နီပြည်ထောင်စုကောင်စီဖွဲ့စည်းပြီး ဗဟိုမှချုပ်ကိုင်သော အုပ်ချုပ်ရေးစနစ်သစ်ကိုချမှတ်ဖို့လိုအပ်ကြောင်း တင်ပြခဲ့သည်။ အစည်းအဝေးတက်ရောက်သူအများစု သဘော တူသဖြင့် ကရင်နီ-ပုဒေါင်ကောင်စီကိုဖျက်သိမ်းပြီး လွတ်လပ်သောကရင်နီပြည်ထောင်စုကောင်စီကို ဖွဲ့ခဲ့သည်။ လွတ်လပ်သောကရင်နီပြည်ထောင်စုကောင်စီတွင် ဥက္ကဌအဖြစ်ဦးဘီတူရီ အားလည်းကောင်း၊ ဒု-ဥက္ကဌအဖြစ် ဦးစောသိန်းလည်းကောင်း၊ အတွင်းရေးမှုးအဖြစ် စောကော်ဘ အားလည်းကောင်း၊ ငွေထိန်းအဖြစ် စောလှဦး အားလည်းကောင်း ရွေးချယ်တာဝန်ပေးပြီး ကောင်စီဝင်များမှာ စောဖျာစောရွေ၊ စပ်ရွေဟုန်၊ စောဖျာစပ်လဝီ၊ စပ်ဇီန၊ ဦးအေးမြလေး၊ စောငယ်ဒူး၊ ဦးလွီးဇီ၊ ဦးသိုင်းဘဟန်၊ စောလှပင်း၊ စောသန်းတင်၊ စောတိုပီယို၊ စပ်နန်း တို့ဖြစ်သည်။ ဤကဲ့သို့ လွတ်လပ်သော ကရင်နီပြည်ထောင်စုကောင်စီ ဖွဲ့စည်းရခြင်းမှာ-

(၁) ဗမာပြည်နှင့်ပှုးပေါင်းလိုသော ဦးစိန်နှင့် ဦးဘသောင်း တို့ကိုပထုတ်လို၍လည်းကောင်း၊

(၂) အင်္ဂလိပ်အစိုးရနှင့် ဆက်ဆံရေးပြန်လည်ပြေပြစ်ရန်လည်းကောင်း၊

(၃) ကရင်နီပြည်၏သီးခြားလွတ်လပ်ရေးနှင့် ကိုယ်ပိုင်ပြဌါန်းခွင့်တို့ကို ဆက်လက်ထိန်းသိမ်းကာကွယ် ရန်အတွက် လည်းကောင်း ဖွဲ့စည်းလိုက်ရခြင်းဖြစ်သည်။

ဤကဲ့သို့ ဖွဲ့စည်းလိုက်ပြီးနောက် စက်တင်ဘာလ(၁၂)ရက်နေ့တွင် ပြဌါန်းချက် (၁၅) ချက်ပါရှိသော ထုတ်ပြန်ချက်ကို ထုတ်ပြန်ပြီး အင်္ဂလိပ်အစိုးရထံ ပေးပို့ခဲ့သည်။

 

၎။ ကရင်နီပြည်ကို ဗမာပြည်နှင့်ပှုးပေါင်းရန်အတွက် ဖဆပလ၏ မတရားသော လုပ်ရပ်များ။

 

နောင်လွတ်လပ်မည့် ဗမာပြည်အတွက်အခြေခံဥပဒေကို ရေးဆွဲအတွက် ၁၉၄၇-ခုနစ်၊ ဧပြီလတွင် ဗြိတိသျှ-ဗမာပြည်၌ လွတ်တော်အမတ် ရွေးကောက်ပွဲတစ်ရပ်ကျင်းပခဲ့သည်။ လွတ်တော်အမတ်နေရာပေါင်း (၂၅၅) နေရာတွင် ဖဆပလအမတ်ပေါင်း(၂၄၈)နေရာရရှိသဖြင့် လွတ်တော်သည် ဖဆပလ၏လွတ်တော်သာ ဖြစ်ခဲ့သည်။ ဇွန်လ(၉)ရက်နေ့တွင် လွှတ်တော်အစည်းအဝေးကို စတင်ကျင်းပခဲ့သည်။ ကရင်နီမှာ သီးခြား လွတ်လပ်သောပြည်တစ်ပြည်ဖြစ်သဖြင့် လွှတ်တော်သို့ ကိုယ်စားလှယ်မစေလွတ်ခဲ့ပေ၊ ဗိုလ်ချုပ်အောင်ဆန်း သည် ဖဆပလဥက္ကဌဖြစ်သဖြင့် လွှတ်တော်တွင် ကရင်နီကိုယ်စားလှယ် မရှိသည့်အတွက် ကရင်နီကိစ္စနှင့် ပါတ်သက်၍ လွှတ်တော်တွင်ဆွေးနွေးခွင့်မပြုခဲ့ပေ၊ သို့သော် ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရပြီးနောက် ဦးနု သည် ဖဆပလ၏ ဥက္ကဌဖြစ်လာခဲ့သည်။ ဦးနုသည် ကရင်နီကိုယ်စားလှယ်မရှိဘဲလျှက် လွှတ်တော်တွင် ကရင်နီ ကိစ္စနှင့်ပါတ်သက်၍ ဆွေးနွေးခွင့်ပြုခဲ့သည်။ ထို့ကြောင့် ဗမာပြည်လွှတ်တော်သည် ကရင်နီကိုယ်စားလှယ် လည်းမရှိ၊ ကရင်နီပြည်သူလူထုဆန္ဒမပါဘဲ ကရင်နီပြည်ကို ဗမာပြည်၏ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် ထည့် သွင်းရေးသားခဲ့သည်။ မိမိဘာသာလွှတ်တော်အစည်းအဝေးသွားတက်သောဦးသိုင်းဘဟန်သည် ဤအကြောင်း ကိုသိရှိသဖြင့် ဖရူဆိုသို့ပြန်လာပြီး သီးခြားလွတ်လပ်သော ကရင်နီပြည်ထောင်စုကောင်စီကို ပြောပြခဲ့သည်။ ကောင်စီအနေဖြင့် တရားဝင်ကန့်ကွက်ရန်အတွက် ဦးအေးမြလေး၊ ဦးသိုင်းဘဟန်၊ ဦးစိန်၊ စပ်ဝဏ္ဍတို့ကို ရွေးချယ်စေလွှတ်လိုက်သည်။ ဤအဖွဲ့ကို စပ်လဝီ၊ စပ်ငယ်ဒူး၊ ဦးလွီးဇီ၊ ဦးကျော်ဝင်းနှင့်ဦးချမ်းသာတို့က ရန်ကုန် အထိလိုက်ပို့ခဲ့သည်။ ဤအဖွဲ့လွိုင်ကော်မှ ၁၉၄၇-ခုနှစ်၊ စက်တင်ဘာလ(၁၄)ရက်နေ့တွင်ထွက်ခွါပြီး ရန်ကုန်သို့ (၁၇)ရက်နေ့တွင် ရောက်ရှိခဲ့သည်။ ရန်ကုန်သို့ရောက်သောအခါ ဦးစိန်၊ စပ်ဝဏ္ဍ၊ ဦးအေးမြလေး၊ စပ်ငယ်ဒူးနှင့် သိုင်းသန်းတင်တို့သည် ဖဆပလခေါင်းဆောင်များဖြစ်ကြသော သခင်နု၊ ဗိုလ်မှူးအောင်၊ ဦးဖေခင် တို့နှင့် တိတ်တိတ်ပုန်းသွားရောက်တွေ့ဆုံခဲ့သည်။ ထိုဖဆပလခေါင်းဆောင်တို့၏ ဆွယ်ယူမှုကြောင့် ပုဒ်မ ၁၈ဝ(၁) တခုတည်းကိုသာ ကန့်ကွက်ခဲ့ပြီး ဗမာပြည်နှင့်ပှုးပေါင်းရန်သဘောတူလိုက်သည်။ ထို့နောက် စက်တင်ဘာလ (၁၉)ရက်နေ့တွင် ဦးစိန်နှင့် စပ်ဝဏ္ဍတို့သည် ကရင်နီပြည်အနေဖြင့် လွှတ်တော်အစည်းအဝေး တက်ရောက်ရန် အမည်တင်သွင်းခဲ့သည်။ ဤအကြောင်းကို လွတ်လပ်သော ကရင်နီပြည်ထောင်စုကောင်စီ သိသောအခါ၊ ၄င်းတို့ကိုအမျိုးသားသစ္စာဖေါက်ဟုသတ်မှတ်၍ ပေးအပ်သောတာဝန်များ ပြန်လည်ရုပ်သိမ်းပြီး ၄င်းတို့ ဆောင် ရွက်ချက် တရားမဝင်ကြောင်းကြေညာခဲ့သည်။ ဖဆပလအဖွဲ့ချုပ်သည် ဤကရင်နီအမျိုးသားသစ္စာဖေါက်များ ကို ကရင်နီပြည်တွင် ဘာသာရေးပဋိပက္ခဖြစ်ပေါ်အောင် လုပ်ဆောင်ရန် စည်းရုံးတာဝန်ပေးခဲ့သည်။ ဤသည်မှာ ကရင်နီပြည်ကို ဗမာပြည်အစိတ်အပိုင်းတခုဖြစ်လာရန် ဖဆပလအဖွဲ့မှကျင့်သုံးသော ပရိယယ်တစ်ခုဖြစ်သည်။

 

၅။ ဖဆပလ၏ ကရင်နီပြည်အပေါ် စစ်ရေးအရ ကျူးကျော်တိုက်ခိုက်သိမ်းပိုက်ရန်လုပ်ရပ်များ။

 

၁၉၄၈-ခုနစ်၊ ဇန္နဝါရီလ(၄)ရက်နေ့တွင် ဗမာပြည်အင်္ဂလိပ်အစိုးရထံမှ လွတ်လပ်ရေးရခဲ့သည်။ လွတ်လပ်ရေး ရရှိပြီးဖဆပလအဖွဲ့သည် ဗမာပြည်၏ပထမဦးဆုံးအစိုးရဖြစ်လာကာ ဦးနုလည်း ပထမဦဆုံး ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ ဖဆပလအစိုးရသည် ကရင်နီပြည်ကို နိုင်ငံရေးနည်းအအရသိမ်းသွင်း၍ မရသည့် အဆုံးတွင် စစ်ရေးအရတိုက်ခိုက်သိမ်းပိုက်ရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် မောင်းချီးမိုင်း လုံခြုံရေး၊ ဗမာပြည်လုံခြုံရေးစသော အကြောင်းအမျိုးမျိုးပြပြီး ကရင်နီပြည်တွင်းသို့ ၄င်းတို့၏စစ်တပ်ကိုတင်သွင်းခဲ့သည်။ အမျိုးသားသစ္စာဖေါက်များကိုလည်း စစ်လက်နက်ထုတ်ပေးခြင်း၊ စစ်သင်တန်းပေးခြင်း၊ မိုးဗြဲနယ်တွင် စစ်ရေး သင်တန်းဆရာများပို့ထားကာ စစ်လေ့ကျင့်ရေးသင်တန်းဖွင့်လှစ်ခြင်း အမျိုးသားသစ္စာဖေါက်အတွက် လဲဗီးတပ် ကိုဖွဲ့စည်းပေးခဲ့သည်။ ထိုအချိန်သည် မိုးဗြဲနယ်အနေဖြင့်ကရင်နီပြည်နှင့်ပူးပေါင်းသည် ဆိုသော်လည်း တရားဝင် မဟုတ်သေးပေ၊ တရားဥပဒေအရ ရှမ်းပြည်၏နယ်တစ်နယ်သာဖြစ်နေသေးသည်။ ထို့ကြောင့် ယ္ခုကဲ့သို့ ဖဆပလအစိုးရက မိုးဗြဲနယ်ကိုအသုံးပြုခြင်းကို ကရင်နီပြည်အနေဖြင့် ကန့်ကွက်နိုင်သည့်အခြေအနေမရှိပါ။ ၁၉၄၈-ခုနစ်၊ သြဂုတ်လ(၉)ရက် နံနက်တွင် ဖဆပလအစိုးရတပ်နှင့် အမျိုးသားသစ္စာဖေါက်လဲဗီးတပ်တို့သည် ကရင်နီအမျိုးသားအစည်းအရုံး (KNO)၏ ဗဟိုဌာနချုပ်လည်းဖြစ်၊ လွတ်လပ်သောကရင်နီပြည်ထောင်စု ကောင်စီဥက္ကဌဦးဘီတူရီ နေထိုင်သောရွာလည်းဖြစ်သည့် မြလဲရွာကို ကျူးကျော်ဝင်ရောက်တိုက်ခိုက်သိမ်း ပိုက်ခြင်းဖြင့် ကရင်နီပြည်ကိုကျူးကျော်တိုက်ခိုက်သောစစ်ကိုစတင်လိုက်သည်။ ဥက္ကဌဦးဘီတူရီနှင့် ၄င်း၏လူ များသည် အစွမ်းကုန်ခုခံကာကွယ်ပါသော်လည်း ကြိုတင်ပြင်ဆင်မှုမရှိသည့်အတွက် ဖရူဆိုမြို့သို့ ဆုတ်ခွာခဲ့ရ သည်။ ဖရူဆိုသို့ ညနေ(၃)နာရီတွင် ရောက်ရှိသည်။ ထိုအချိန်တွင် ဖရူဆိုမြို့မှာရှိနေသော လွတ်လပ်သော ကရင်နီပြည်ထောင်စုကောင်စီဝင်များဖြစ်ကြသော စောဖျာစောရွေ၊ စောဇီန၊ စောကောဘ၊ စောလှဦးတို့နှင့် အစည်းအဝေးပြုလုပ်ကာ ကရင်နီအမျိုးသားခုခံတော်လှန်ရေးကို ဖွဲ့စည်းရန် သဘောတူခဲ့ကြသည်။ ဖဆပလ အစိုးရစစ်တပ်နှင့် အမျိုးသားသစ္စာဖေါက်တို့၏ လဲဗီးတပ်တို့သည်လည်း လွိုင်ကော်မြို့ကိုသိမ်းပိုက်လိုက်တော့ သည်။ နောက်နေ့တွင် ဖဆပလအစိုးရများနှင့်အမျိုးသားသစ္စာဖေါက်တို့သည် လွိုင်ကော်မြို့မှနေ၍ ဖရူဆိုမြို့သို့ လူစေလွတ်၍ ဦးဘီတူရီအားဖြစ်ပျက်ခဲ့သောပြဿနာများကို တရားဥပဒေဘောင်အတွင်း ဖြေရှင်းရန်အတွက် လွိုင်ကော်မြို့သို့ပြန်လာရန် ဖိတ်ခေါ်ခဲ့သည်။ ဦးဘီတူရီလည်းသဘောတူခဲ့သည်။ သို့သော်လည်း ဖရူဆိုတွင် ရှိနေသောကောင်စီဝင်များက မသွားသင့်ကြောင်း၊ မော်ချီးဒေသ တနေရာရာတွင် သွားရောက်တိမ်းရှောင်သင့် ကြောင်း အကြံပြုသည်။ အကြောင်းမှာ ထိုအချိန်တွင်(KNU) ကလက်နက်ကိုင်တောင်လှန်ရေးမစတင်သေး သော အချိန်ဖြစ်သည်။ သို့သော်လည်း ဦးဘီတူရီသည် အကြံပြုချက်ကိုမယူဘဲ လွိုင်ကော်မြို့သို့ လိုက်သွားခဲ့ သည်။ လွိုင်ကော်သို့ရောက်သောအခါ ဦးဘီတူရီသည် ဖမ်းဆီးပြီးထောင်သွင်း အကျဉ်းချခြင်းခံလိုက်ရသည်။ ထိုအချိန်တွင် ကျူးကျော်ဝင်ရောက်တိုက်ခိုက်သော ဖဆပလအစိုးရတပ်များကို ကရင်နီပြည်သူလူထုတို့သည် ရရာလက်နက်များကိုစွဲကိုင်ပြီးတကွဲတပြားစီခုခံတိုက်ခိုက်လျှက်ရှိကြသည်။ ဖရူဆိုတွင်ကျန်ရှိနေသော ကောင်စီ ဝင်တို့သည် စောဖျာစောရွေကို အမှူးပြုပြီး ကရင်နီအမျိုးသားခုခံတော်လှန်ရေး တပ်မတော်တစ်ရပ်ကို ဖွဲ့စည်းထူထောင်ရန် သဘောတူလိုက်ကြသည်။ ထိုတပ်မတော်ကို ကရင်နီပြည်ထောင်စု လွတ်လပ်သော တပ်မတော် United Karenni State Independent Army (UKSIA) ဟုခေါ်ဝေါ်ခဲ့သည်။ ဤကဲ့သို့ တပ်မတော်ကိုဖွဲ့စည်းလိုက်သည့်အတွက် တိုက်ပွဲများပိုမိုပြင်းထန်လာခဲ့သည်။ စောဖျာစောရွှေနှင့် ၄င်း၏လူများသည် ဖရူဆိုမြို့တွင်မနေနိုင်တော့ဘဲ ထေးဘျားညေးရွာသို့ စခန်းပြောင်းရွေ့ခဲ့သည်။ ထိုသို့တပ်မတော် ကို ဖွဲ့စည်းနိုင်ခဲ့ပြီးနောက် ကရင်နီတပ်မတော်သည် မော်ချီးနှင့်ဖာဆောင်းမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး ပြောက်ကျားစစ်သည်လည်း ဖရူဆိုမြို့ အနီးအနားတဝိုက်ရောက်ရှိခဲ့သည်။ ထိုအချိန်တွင် ဖဆပလအစိုးရနှင့် ပူးပေါင်းသော သိုင်းဘန်းဟန်၏ယောက္ခမသည် ထူးချောင်းတွင်ကျန်ရှိနေသော မိမိလဲဗီးတပ်ဖွဲ့အချို့ကို သွား ကြည့်ရန် လွိုင်ကော်မှဆင်းလာခဲ့သည်။ ထားလဲရွာတောင်ဘက် အီဟောရှင်လဲအရောက်တွင် ကရင်နီတပ်မ တော်၏ ခြုံခိုတိုက်ခိုက်ခြင်းကိုခံရ၍ ကျဆုံးသွားခဲ့သည်။ အလောင်းကို လွိုင်ကော်သို့ ပြန်ယူလာခဲ့သည်။ ဤသည်ကို အကြောင်းပြုပြီး လွိုင်ကော်တွင်ရှိနေသော ဖဆပလတပ်မှုးနှင့် အမျိုးသားသစ္စာဖေါက်တို့သည် ဦးဘီတူရီကို ထောင်မှထုတ်ယူပြီး ဂုန်နီအိတ်ထည့်ခါ ကားဖြင့်ဆွဲ၍ ဘက်နက်ဖြင့်ထိုးသတ်ပြီး အလောင်းကို ဘီးလူးချောင်းတွင်းသို့ ပစ်ချလိုက်သည်။ ထို့ကြောင့် ဦးဘီတူရီကျဆုံးသည့်နေ့ကို အာဇာနည်နေ့ ဟုသတ်မှတ်ရ ခြင်းဖြစ်သည်။

ဦးဘီတူရီကျဆုံးပြီးသည့်နောက် စောဖျာစောရွေသည် ကရင်နီအမျိုးသားခုခံတော်လှန်ရေးဥက္ကဌ ဖြစ် လာခဲ့သည်။ ထိုအချိန်တွင် ရှမ်းပြည်အရှေ့ဘက်မြောက်ပိုင်း လွိုင်မွေးတွင် တပ်ချထားသော 13 UMP မှာ များ သောအားဖြင့် ကရင်နီအမျိုးသားများဖြစ်သည်။ ထို့ကြောင့်ဥက္ကဌစောရွေသည် ကြိုးမဲ့ကြေးနန်းဖြင့် ကရင်နီ ပြည်ကို ဖဆပလအစိုးရက လာရောက်တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ပြန်လာကူညီဖို့လိုအပ်ကြောင်း အကြောင်းကြားခဲ့သည်။ ထိုအခါ လွိုင်မွေးရှိ 13UMP မှဗိုလ်မှူးကြီးလှဝင်းဦးဆောင်ပြီး ဖဆပလအစိုးရကို တော်လှန်ကာ လက်နက်ခဲယမ်းအပြည့်အစုံဖြင့် ပြန်လာပြီး လွိုင်ကော်မြို့ကို ၁၉၄၈-ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့တွင် သိမ်းပိုက်လိုက်သည်။ ထို့နောက် ဥက္ကဌစောရွေဦးဆောင်သော ကရင်နီအမျိုးသားခုခံတော်လှန်ရေး အစိုးရနှင့် ပေါင်းစည်းမိခဲ့သည်။ ဖဆပလအစိုးရနှင့် အမျိုးသားသစ္စာဖေါက် တို့လည်း ကရင်နီပြည်မှဆုတ်ခွါပြီး ရှမ်းပြည်တောင်ပိုင်းကလောမြို့တွင် အခြေချခဲ့ရသည်။

ထိုအချိန်တွင် တောင်ငူမှ KNDO လူငယ်အဖွဲ့ကတောင်ငူမြို့ကို သိမ်းပိုက်ရန်စစ်အကူအညီ တောင်း လာခဲ့သည်။ ဥက္ကဌစောရွေလည်း၊ ဗိုလ်ကြီးမော်ရယ်ဦးဆောင်သည့် ကရင်နီတပ်ခွဲတစ်ခွဲကို ၁၉၄၈-ခုနှစ်၊ အောက်တိုဘာလ (၁၂)ရက်နေ့တွင် တောင်ငူသို့ပို့လိုက်သည်။ ထို့နောက် လွိုင်မွေးမှပြန်လာသော ကရင်နီတပ် အချို့ကို နိုဝင်ဘာလ ပထမအပတ်တွင် တောင်ငူသို့ထပ်မံပို့လိုက်ပြန်သည်။ ကရင်နီတပ်များ တောင်ငူသို့ ဆင်း သွားကြောင်းကြားသိသော ဖဆပလတပ်နှင့် အမျိုးသားသစ္စာဖေါက်လဲဗီးတပ်တို့သည် ကရင်နီပြည်ကိုဒုတိယ အကြိမ် ထပ်မံတိုက်ခိုက်လာခဲ့သည်။ ဖဆပလအစိုးရလည်း ဗမာပြည်လုံခြုံရေး အကြောင်းပြပြီး ၁၉၄၈-ခုနှစ်၊ နိုဝင်ဘာလ (၂၉)ရက်နေ့တွင် ချင်း လက်နက်ကိုင်တပ်ရင်း(၂)ကို ကရင်နီပြည်တွင်းကို ပို့ဆောင်ခဲ့သည်။ ဤသို့ဖြင့် ဖဆပလအစိုးရသည် ကရင်နီပြည်ကို ဒုတိယအကြိမ် သိမ်းပိုက်လိုက်သည်။

တောင်ငူတွင်ရောက်ရှိနေသော ကရင်နီတပ်ခွဲတို့သည် ကရင်နီပြည်ကို ဖဆပလအစိုးရတပ်အများက နောက်ထပ်တစ်ကြိမ် လာရောက်ကျူးကျော်တိုက်ခိုက်ကြောင်း ကြားသိသောအခါ KNDO တပ်ဖွဲ့နှင့် ပှုးပေါင်း ပြီး ၁၉၄၉-ခုနှစ်၊  ဇန္ဒဝါရီလ (၂၆)ရက်နေ့တွင် တောင်ငူမြို့ကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြသည်။ ထိုအချိန်တွင် KNU အနေဖြင့် လက်နက်ကိုင်တောင်လှန်ရေးစတင်ပြီးဖြစ်၍ စစ်ရေးဒေသသတ်မှတ်သောအခါ ကရင်နီပြည် ကို KNU ၏တပ်မဟာ (၁)ဧရိယာဟု သတ်မှတ်ခဲ့သည်။ ထို့ကြောင့် ထိုအချိန်မှစ၍ ကရင်နီ၏စစ်ရေးသည် KNU ၏စစ်ရေးနှင့်အမြဲတမ်းပှုးတွဲလှုပ်ရှားခဲ့ရသည်။ တောင်ငူမြို့ကို သိမ်းပိုက်ပြီးနောက် ကရင်နီတပ်များသည် KNU ၏တပ်ရင်းမှ တပ်ခွဲတစ်ခွဲကို အကူအညီခေါ်ယူပြီး ကရင်နီသို့ပြန်လာကာ ဖဆပလတပ်၊ အမျိုးသား သစ္စာဖေါက်များ၏ လဲဗီးတပ်နှင့် ချင်းတပ်ရင်း(၂)ကို ကရင်နီပြည်မှတိုက်ခိုက်မောင်းထုတ်နိုင်ခဲ့သည်။

၁၉၄၉-ခုနှစ်၊ သြဂုဏ်လ(၁)ရက်နေ့တွင် နောင်ဆိုင်း၊ ကချင်တပ်သည် ကရင်နီပြည်သို့ ရောက်ရှိလာ ခဲ့သည်။ ထို့နောက် ကချင်တပ်၊  KNU တပ်နှင့် ကရင်နီတပ်တို့ ပှုးပေါင်းပြီး ရှမ်းပြည်သို့ချီတက် တိုက်ခိုက်ခဲ့ သည်။ သြဂုတ်လ(၁၃)ရက်နေ့တွင် ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။ ထိုအချိန်သည် ဖဆပလအစိုးရအနေဖြင့် အနောက်နိုင်ငံများမှ စစ်ရေးလက်နက်ခဲယမ်းမီးကျောက်အကြီးအကျယ် အကူအညီ ရရှိကာ၊ ၄င်းတို့၏တပ်များကို အကြီးအကျယ်တိုးချဲ့ပြီး ဆုံးရူံးသွားသော မြို့၊ ရွာ၊ ခရိုင်များကို တခုပြီးတခု ပြန်လည်သိမ်းပိုက်နိုင်သည့်အချိန်ဖြစ်သည်။ ဖဆပလအစိုးရတပ်သည် ၁၉၄၉-ခုနှစ်၊ နိုဝင်ဘာလ (၂၃)ရက် နေ့တွင် ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ကို ပအိုဝ်လွတ်မြောက်ရေးတပ်၊  KNU တပ်နှင့် ကရင်နီတပ် တို့ လက်ထဲမှ ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ ထို့ကြောင့် ၁၉၅ဝ-ပြည့်နှစ်၊ ဇန္ဒဝါရီလ(၁)ရက်နေ့မှစ၍ ကရင်နီပြည် အပေါ် တတိယအကြိမ် အကြီးအကျယ်ထိုးစစ်ဆင်လာခဲ့သည်။ KNU တပ်နှင့်ကရင်နီတပ်တို့သည် အစွမ်းကုန်ခုခံတိုက်ခိုက်ပါသော်လည်း လက်နက်အင်အား၊ လူအင်အားမမျှသည့်အတွက် ဇန္နဝါရီလ(၁၂) ရက် နေ့တွင် ဖဆပလအစိုးရတပ်များသည် လွိုင်ကော်မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော်လည်း ဖဆပလတပ် များသည် ကရင်နီပြည်၏တောင်ပိုင်းကို မသိမ်းပိုက်နိုင်ခဲ့ပေ။ ဖါဆောင်း၊ မော်ချီးတို့မှာ ကရင်နီအမျိုးသားခုခံ တော်လှန်ရေးအစိုးရလက်ထဲတွင်ရှိနေမြဲဖြစ်သည်။ ၁၉၅၂-ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဥက္ကဌစောရွှေသည် ဘန်ကောက်သို့သွားပြီး တရုတ်ဖြူ KMT ၏ဗိုလ်ချုပ်လီမီ (Ggeneral Limin)နှင့် အပြန်အလှန်ကူညီရေး စာချုပ်ကို ချုပ်ဆိုခဲ့သည်။ ဤစာချုပ်အရ တရုတ်ဖြူတပ်များသည် ရှမ်းပြည်တောင်ပိုင်း မိုင်းဆတ်မှတဆင့် ကရင်နီပြည်ကိုဖြတ်ပြီး KNU နယ်မြေသို့ ဆင်းလာကြသည်။ ဤတရုတ်ဖြူရန်ကို အကြောင်းပြပြီး ၁၉၅၃-ခုနှစ်၊ နိုဝင်ဘာလဆန်းတွင် ဖဆပလအစိုးရတပ်သည် ဗိုလ်မှူးချုပ်ကျော်ဇော ဦးစီးသည့်တပ်မဟာ (၂)ခုဖြင့် ကရင်နီ ပြည်တောင်ပိုင်းကို အကြီးအကျယ်ထိုးစစ်ဆင်လာကာ နိုဝင်ဘာလ(၂၂)ရက်နေ့တွင် မော်ချီးမြို့ကို သိမ်းပိုက် လိုက်သည်။ ဤကဲ့သို့ မော်ချီးမြို့ကျသွားသော်လည်း ကရင်နီအမျိုးသားခုခံတော်လှန်ရေးကို ဦးဆောင်သော ဥက္ကဌစောရွှေသည် စိတ်ဓါတ်မကျဘဲ တောလက်ကျေးရွာများကို အခြေခံပြီး ဖဆပလအစိုးရကို ဆက်လက် ခုခံတော်လှန်ခဲ့ပေသည်။ ၁၉၅၆-ခုနှစ်၊ ဖေဖေါ်ဝါရီလ(၁)ရက်နေ့တွင် ဥက္ကဌစောရွှေသည် ငှက်ဖျား(တိုက်ဖွိုက်) ရောဂါဖြင့် လိုပွာခိုခရိုင်၊ မော်ချီးတောင်ဘက်၊ (             ) ရွာတွင် ကွယ်လွန်သွားခဲ့သည်။ အလောင်းကို လိုပွာခိုခရိုင်၊ ကွာခီးရွာသို့ သယ်ဆောင်လာပြီး ထိုမှတဆင့် ဘူးခိုရွာတွင်မြုပ်နှံ့ခဲ့သည်။ ဥက္ကဌစောရွှေကွယ်လွန် သွားပြီးနောက် ၄င်း၏ဇနီးကက်သရင်းရွှေမှ တော်လှန်ရေးကိုဆက်လက်ဦးဆောင်ခဲ့သည်။ မိသားစုအခက် အခဲကြောင့် (၃)လ ကြာသောအခါ တောင်ငူမြို့၊ ဖဆပလအစိုးရထံ အညံ့ခံသွားခဲ့သည်။

 

၆။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ထူထောင်ခြင်း၊

 

ဤကဲ့သို့ ကက်သရင်းရွှေ   အညံ့ခံသွားပြီးနောက် ထောပလိုသည် ကရင်နီအမျိုးသားခုခံတော်လှန်ရေး ကိုဆက်လက်ဦးဆောင်ခဲ့သည်။ ထောပလိုသည်လက်နက်ကိုင်ခုခံတော်လှန်ရေးတစ်ခုတွင် ဦးဆောင်ပါတီရှိမှ အောင်မြင်မည်ဟူသည့် အယူအဆရှိသူဖြစ်သည်။ ထို့ကြောင့် ပါတီလမ်းစဉ်ကိုရေးဆြွဲပီး ၁၉၅၇-ခုနှစ်၊ မေလ (၂) ရက်နေ့တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီကို စတင်ဖွဲ့စည်းထူထောင်ခဲ့သည်။

ပါတီဖွဲ့စည်းထူထောင်စဉ်တွင် ဥက္ကဌမှာထောပလို၊ အတွင်းရေးမှူးမှာဆရာကြီးဆယ်မြူရယ်၊ ဘဏ္ဍရေး မှုးမှာ စကော်မူဒေး(ခေါ် )ဘီဘမူးတို့ဖြစ်သည်။ ပါတီဗဟိုကော်မတီဝင်များမှာ စကော်မီးအီ၊ စကော်တာအယ်ဖိုး၊ ကျော်နိုင်(ခေါ်) ဖိုးကျော်၊ စကော်ထိုးခို(ခေါ်)ဝိစီပါ၊ စောလှဦးတို့ဖြစ်ကြပြီး အရံဗဟိုကော်မတီဝင်မှာ ဗိုလ်မှူးခဖိုး ဖြစ်သည်။ ဤကဲ့သို့ ပါတီထူထောင်လိုက်ခြင်းကြောင့် ယခင်က ကရင်နီပြည်ကို (ကေ၊ အဲန်၊ ယူ)မှ သတ်မှတ် ထားသောစစ်ဒေသ၊ တပ်မဟာ(၁)နယ်မြေအဖြစ်မှရုပ်သိမ်းပြီး စစ်ရေးလှုပ်ရှားမှုမှာ ပိုမိုလွတ်လပ်လာခဲ့သည်။ ၁၉၅၇-ခုနှစ်၊ ဇူလှိုင်လ(၂၇)ရက်နေ့အထိ ဘူးခိုရွာတွင် ပဌမအကြိမ်မြောက်အမျိုးသားကွန်ကရက် ကျင်းပပြု လုပ်ပြီး ထောပလိုအားပါတီဥက္ကဌအဖြစ်လည်းကောင်း၊ ကရင်နီအမျိုးသားခုခံတော်လှန်ရေး၏ တတိယမြှောက် ဥက္ကဌအဖြစ်လည်းကောင်း တရားဝင်ရွေးချယ်တင်မြှောက်ခဲ့ကြသည်။

ထို့နောက် ကရင်နီအစိုးရဖွဲ့စည်းရန်အတွက် အောက်ပါပုဂ္ဂိုလ်များကိုရွေးချယ်ပြီး ဖွဲ့စည်းလိုက်သည်။    ၁။ ထောပလို                                ဥက္ကဌ

၂။ စောမော်ရယ်                            ဒု-ဥက္ကဌ (ကာကွယ်ရေး )

၃။ စကော်မီးအီ                             ဒု-ဥက္ကဌ (ပြည်ထဲရေး )

၎။ စကော်မှုဒေး(ခ)ဘီဘမှုး               ဝန်ကြီးချုပ်

၅။ ဆယ်မြူရယ်                             ဒု-ဝန်ကြီးချုပ် (နိုင်ငံရေး)

၆။ စောဖိုးမြင့်                                ဘဏ္ဍရေး

 

အစိုးရအဖွဲ့ဝင်များမှာ-

၇။ စောလှဦး

၈။ စကော်တာအယ်ဖိုး

၉။ စကော်ထိုးခို(ခ)ဝိစီပါ

၁ဝ။ လော်ခီး

၁၁။ ကဲမဲတူး

၁၂။ ကျော်နိုင်(ခ)ဖိုးကျော်

 

အရံအဖွဲ့ဝင်များမှာ-

၁၃။ ဗိုလ်မှူးခဖိုး

၁၄။ စောအဲနီ တို့ဖြစ်ကြသည်။

 

ဤအမျိုးသားကွန်ကရက်တွင် အုပ်ချုပ်ရေးယန္တရားနှင့် တပ်ပြန်လည်ဖွဲ့စည်းရေး လုပ်ငန်းများကိုချမှတ် နိုင်ခဲ့သည်။

ဥက္ကဌထောပလိုသည် ၁၉၅၇-ခုနှစ်၊ စက်တင်ဘာလ(၂၈)ရက်နေ့တွင် ၄င်းတို့၏ကိုယ်ရံတော်တပ်သား ဖျရယ်၏ လုပ်ကြံမှုကြောင့် အမှတ်(၃)မြို့နယ်၊ ကွာခီးရွာတွင် စနေနေ့ည(၉)နာရီ အချိန်၌ကျဆုံးခဲ့ရသည်။ ဥက္ကဌ ထောပလိုကျဆုံးသွားပြီးနောက် ၁၉၅၈-ခုနှစ်၊ ဇန္နဝါရီလမှစ၍ စောမော်ရယ်သည် စတုထ္တမြောက်ဥက္ကဌအဖြစ် ကရင်နီအမျိုးသားခုခံတော်လှန်ရေးကို ဆက်လက်ဦးဆောင်ခဲ့သည်။ သို့သော် (၂)ပတ်ကြာသည့်အခါ ဖဆပလ အစိုးရထံတွင် လက်နက်ချခဲ့သည်။ ထို့နောက် ၁၉၅၈-ခုနှစ်နောက်ပိုင်းအတွင်း မီအီသည် ပဉ္စမမြောက်ဥက္ကဌ အဖြစ် ပါတီနှင့်ခုခံတော်လှန်ရေးကို ဆက်လက်ဦးဆောင်ခဲ့သည်။ သို့သော် ၁၉၅၇-ခုနှစ်၊ မတ်လတွင် ပြောက်ကျားဖြူ ဦးဆောင်သောရန်သူစစ်ကြောင်းနှင့် ဘူးခိုရွာတွင်တိုက်ပွဲဖြစ်စဉ် ကျဆုံးသွားခဲ့သည်။ ၁၉၅၉-ခု နှစ်၊ ဒီဇင်ဘာလ ဒုတိယအပတ်တွင် လိုပွာခိုခရိုင်၌ ဒုတိယအကြိမ် အမျိုးသားကွန်ကရက်ကို ပြုလုပ်ကျင်းပပြီး ဖိုးကျော် ကို ပါတီနှင့်တော်လှန်ရေး၊ ဆဌမမြောက်ဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက်ခဲ့သည်။ သို့သော် ၁၉၆ဝ-ပြည့်နှစ် နှစ်ဦးပိုင်းတွင် ဖိုးကျော်သည်မိမိရွာသို့ အလည်ပြန်လာစဉ် ရန်သူစစ်တပ်၏ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ ၁၉၅၉-ခုနှစ်တွင် ဖွဲ့စည်းထားသောအမျိုးသားဒီမိုကရေစီညီညွတ်ရေးတပ်ပေါင်းစု (မဒညတ) သို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ ပါဝင်နိုင်ခဲ့သည်။

၁၉၆ဝ မှ ၁၉၆၄ ခုနှစ်အထိ ခုခံတော်လှန်ရေးကို စောမော်ရယ်၊ ဗိုလ်ချုပ်အောင်သန်းလေး၊ ဗိုလ်မှူးကြီး ခဖိုး စသောတော်လှန်ရေးခေါင်းဆောင်များက ဆက်လက်ဦးဆောင်ထိန်းသိမ်းလာခဲ့ကြသည်။ ၁၉၆၃-ခုနှစ်၊ ဇွန်လ (၁၁)ရက်နေ့တွင် ဗိုလ်နေဝင်းဦးဆောင်သော တောင်လှန်ရေးကောင်စီသည် တောတွင်းလက်နက်ကိုင် အဖွဲ့အစည်းများအား ငြိမ်းချမ်းရေးကမ်းလှမ်းခဲ့သည်။ ဤသည်ကို စောမော်ရယ်သည် ကရင်နီအမျိုးသားတိုး တက်ရေးပါတီအတွင်းရေးမှူးအမည်ဖြင့် အမျိုးသားဒီမိုကရေစီ ညီညွတ်ရေးတပ်ပေါင်းစု(မဒညတ) အဖွဲ့ဝင်များ နှင့်အတူ ရန်ကုန်သို့ သွားရောက်သောအားဖြင့် ပါတီနှင့်ခုခံတော်လှန်ရေး၏ ဂုဏ်သိက္ခာကိုမြှင့်တင်ပေးခဲ့သည်။ ၁၉၄၆-ခုနှစ်၊ ဒီဇင်ဘာလတွင် လိုပွာခိုခရိုင်၌ နိုင်ငံရေးနှင့်စစ်ရေးကော်မတီ ပြန်လည်ဖွဲ့စည်းပြီး စောမော်ရယ် အား ဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက်ခဲ့သည်။ ၁၉၇၁-ခုနှစ်၊ ဒီဇင်ဘာလတွင် ကရင်နီပြည်ဌါနခွဲ၌ ပြုလုပ် သောတော်လှန်သောလူမျိုးစုံတပ်ပေါင်းစု ဖြစ်မြောက်ရေးအစည်းအဝေးတွင် တပ်ပေါင်းစုဖြစ်မြောက်ရေးကော်မ တီ တစ်ရပ်ကို ဖွဲ့စည်းပြီး KNPP အားအတွင်းရေးမှူး တာဝန်ပေးခဲ့သည်။ ၁၉၇၂-ခုနှစ်၊ မတ်လတွင်ဖွဲ့စည်း သော တော်လှန်သောလူပေါင်းမျိုးစုံ မဟာမိတ်အဖွဲ့တွင်လည်း KNPP အနေဖြင့် အဖွဲ့ဝင်ဖြစ်ခဲ့သည်။

၁၉၇၃-ခုနှစ်၊ ဧပြီလတွင် နန်းပန်ဗဟိုဌါနချုပ်ရုံး၌ တတိယအကြိမ်မြောက်အမျိုးသားကွန်ကရက်ကို ကျင်းပခဲ့သည်။ ဤကွန်ကရက်တွင် ဥက္ကဌမော်ရယ်အားနိုင်ငံရေး၊ စစ်ရေးကော်မတီဥက္ကဌမှ ပါတီနှင့်ခုခံတော် လှန်ရေးသတ္တမမြောက်ဥက္ကဌအဖြစ် ရွေးချယ်တင်မြောက်ခဲ့သည်။ နိုင်ငံရေးစစ်ရေးကော်မတီမှ ကရင်နီအမျိုး သားခုခံတော်လှန်ရေးကောင်စီဖွဲ့စည်းပြီး ကောင်စီဝင် (၁၂)ဦးကို ရွေးချယ်တင်မြောက်ခဲ့သည်။ ခုခံတော်လှန် ရေး၏ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း အတည်ပြုခဲ့သည်။ အုပ်ချုပ်ရေးနယ်မြေကိုလည်း အမှတ်-၁၊ အမှတ်-၂၊ အမှတ်-၃ ဟူ၍သတ်မှတ်ခဲ့ကြသည်။ ကောင်စီဝင်အားလုံးတို့သည် ပါတီဝင်ဖြစ်ရမည်ဟူသော မူတရပ်ကို ချမှတ်ခဲ့သည်။ ပါတီ၏မူဝါဒလမ်းစဉ်၊ အခြေခံဥပဒေ၊ နည်းဥပဒေကိုရေးဆွဲပြီး ပါတီတိုးချဲ့ရန်ကိုလည်း ရဲဘော် ထဲဘူးဖဲအား တာဝန်ပေးခဲ့သည်။ စစ်ရေး၊ စီးပွါးရေး၊ အုပ်ချုပ်ရေးလုပ်ငန်းလမ်းစဉ်ကိုလည်း ချမှတ်ခဲ့သည်။

 

၇။ ပါတီပြန်လည်တိုးချဲဖွဲ့စည်းခြင်း

 

၁၉၇၄-ခုနှစ်၊ မေလတွင် ကျင်းပသောကော်မတီဝင် ပုံမှန်အစည်းအဝေးတွင် ပါတီတိုးချဲရေးနှင့် ပါတ်သက်၍ ပါတီဗဟိုကော်မတီအရင်ဖွဲ့စည်းရန်လိုအပ်ကြောင်း ကွန်ကရက်ချမှတ်ထားသောမူမှာ ကောင်စီဝင် အားလုံးသည် ပါတီဝင်ဖြစ်ရမည်ဖြစ်ကြောင်း သို့အတွက်ကြောင့် ကောင်စီဝင်အားလုံးတို့သည် ပါတီဗဟို ကော်မတီဖြစ်သင့်ကြောင်းကို ရဲဘော်ထဲဘူးဖဲက တင်ပြခဲ့သည်။ ကောင်စီဝင်များအနေဖြင့် ပါတီအကြောင်းကို မသိသေးသဖြင့် အချို့ကပါတီဗဟိုကော်မတီဖြစ်ရန် ငြင်းဆန်ကြသည်။ ထို့ကြောင့် ဗဟိုကော်မတီဖွဲ့စည်းရန်မှာ ပါတီဥက္ကဌစောမော်ရယ်၊ အတွင်းရေးမှူးထဲဘူးဖဲ၊ ဘဏ္ဍရေးမှူးစောမွန်နနှင့် ဗဟိုကော်မတီဝင်အဖြစ် ဗိုလ်မှူးကြီးခဖိုးနှင့် ရဲဘော်ဝင်းနိုင်တို့ပါဝင်ဖွဲ့စည်းခဲ့သည်။ ပါတီစည်းရုံးရေးကို ထိရောက်စွာမဆောင်ရွက်နိုင် သော်လည်း ပါတီဝင်လျောက်လွှာကို ထုတ်ဝေဖြန့်ချီခဲ့သည်။ ၁၉၇၅-ခုနှစ်၊ ဒီဇင်ဘာလ(၁၂)ရက်နေ့တွင် ပါတီအခြေခံဥပဒေကိုအသိအမှတ်ပြုရန်နှင့် ပါတီကြီးထွားခိုင်မာရေးအတွက် ပါတီပြန်လည်ဖွဲ့စည်းရန် ပါတီ အရေးပေါ်ကွန်ကရက်ကို အစမ်းသဘောဖြင့်ခေါ်ယူခဲ့သည်။ ကောင်စီဝင်များ၊ အမှတ်(၂)မှ ပါတီဝင်ဟောင်းများ စုစုပေါင်း(၁၇)ဦးတက်ရောက်ခဲ့သည်။ ကွန်ကရက်တွင် ပါတီအခြေခံဥပဒေကို အတည်ပြုပြီး ပါတီဗဟိုကော်မတီ ဝင် (၁၂)ဦးကိုဖွဲ့စည်းခဲ့သည်။ ပါတီဥက္ကဌကို စောမော်ရယ်အားလည်းကောင်း၊ အထွေထွေအတွင်းရေးမှူးကို ရဲဘော်ထဲဘူးဖဲအားလည်းကောင်း၊ တွဲဖက်အတွင်းရေးမှူးကို ရဲဘော်သိန်းဟန်အားလည်းကောင်း၊ ဘဏ္ဍရေးမှူး ကို ရဲဘော်ဒေးဒေးအားလည်းကောင်း၊ တာဝန်ပေးသည့်အပြင် ပါတီဗဟိုကော်မတီဝင်အချို့ကိုလည်း ရွေးချယ် ခဲ့သည်။ ပါတီဝင်ကိုယ်ပိုင်နံပါတ်ကိုလည်း စတင်သတ်မှတ်ခဲ့သည်။ ထို့အပြင်ထူးခြားချက်မှာ ကရင်နီအမျိုးသား ခုခံတော်လှန်ရေးအဖွဲ့ဝင် (၂၅ဝ)ဦးကို ပါတီဝင်အဖြစ် သတ်မှတ်ပြီး(၆)လအတွင်း ပါတီလျှောက်လွှာ တင်သွင်းရ မည်။ မတင်သွင်းပါက ပါတီဝင်အဖြစ်မှပြန်ပယ်ချခံရမည်ဟု ချမှတ်ခဲ့သည်။ ဤကိစ္စနှင့်ပါတ်သက်၍ (၆)လ အတွင်း ပါတီဝင်လျောက်လွှာမှာ ခြောက်ဆယ်သာလက်ခံရရှိပြီး ကျန်လျှောက်လွှာမတင်သောသူအားလုံးကို ပါတီဝင်အဖြစ်မှ ပယ်ထုတ်ခဲ့သည်။ ဤနည်းဖြင့်ပါတီကြီးထွားအောင် ဆောင်ရွက်ခဲ့သည်။

 

၈။ အမျိုးသားခုခံတော်လှန်ရေးကိုပါတီက ဦးဆောင်ရေး။

 

ပါတီစတင်ဖွဲ့စည်းသည့် ၁၉၅၇-ခုနှစ်မှ ၁၉၇၇ ခုနှစ်အထိ ပါတီကွန်ကရက် တခါမှ မခေါ်ယူနိုင်ခဲ့ပေ။ အမျိုးသားကွန်ကရက်ကိုသာခေါ်ယူပြီး ကွန်ကရက်တွင် ခုခံတော်လှန်ရေးကို ဦးဆောင်သောခေါင်းဆောင်များ၊ ကောင်စီဝင်များကိုရွေးချယ်တင်မြောက်ခဲ့သည်။ သို့အတွက်ကြောင့် ရွေးချယ်တင်မြှောက်သော ခေါင်းဆောင် များ၊ ကောင်စီဝင်များထဲတွင် ပါတီဝင်မှာအနည်းငယ်သာ ပါဝင်လေ့ရှိသည်။ ထို့ကြောင့် ခုခံတော်လှန်ရေးကို ပါတီကဦးဆောင်မည်ဆိုလျှင် ခုခံတော်လှန်ရေးခေါင်းဆောင်များ ကောင်စီဝင်များအားလုံးတို့သည် ပါတီဝင်များ ဖြစ်ဖို့လိုအပ်နေပေသည်။ ထို့အတွက်ကြောင့် ၁၉၇၇-ခုနှစ်၊ ဇူလိုင်လတွင် ပါတီဗဟိုကော်မတီ အစည်းအဝေး တစ်ရပ်ပြုလုပ်ပြီး လာမည့်စတုထ္တအကြိမ်မြောက် အမျိုးသားကွန်ကရက်တွင် ရွေးကောက်တင်မြောက်ရန် အရည်အချင်းရှိသည့် ပါတီဗဟိုကော်မတီဝင်များ၊ ပါတီဝင်များထဲမှ ပါတီဝင် (၂၅) ဦးကိုရွေးချယ်ပြီး အမျိုးသား ကွန်ကရက်ရွေးချယ်ရေး ကော်မတီသို့ ပေးပို့ရန် စီစဉ်ခဲ့သည်။

၁၉၇၇-ခုနှစ်၊ အောက်တိုဘာလတွင် ပြုလုပ်ကျင်းပသော စတုထ္တအကြိမ်မြောက် ကွန်ကရက်သည် ပါတီမှ တင်သွင်းသောပါတီဝင် (၂၅) ဦးအထဲမှ ဗဟိုကောင်စီဝင်များကို ရွေးကောက်တင်မြှောက်ခဲ့သည်။ ကွန်ကရက်ပြီးလျှင်ပြီးချင်း ဗဟိုကောင်စီအစည်းအဝေးပြုလုပ်၍ ရဲဘော်ထဲဘူးဖဲအား အဌမမြောက်ဥက္ကဌအဖြစ် ရွေးချယ်ပြီး စောမော်ရယ်အား ဗဟိုကောင်စီ၏ နာယကအဖြစ်ရွေးချယ်ကြသည်။

၁၉၇၈-ခုနှစ်၊ ဧပြီလအတွင်းတွင် ဗဟိုကောင်စီအတွင်း ဝါဒရေးရာအရ စတင်ကွဲလာကြသည်။ တစ်ဘက်တွင် အမျိုးသားရေးကိုအခြေခံပြီး ကရင်နီပြည်၏သီးခြားလွတ်လပ်ရေးအတွက် ဆက်လက်တိုက်ပွဲဝင် ရန်ဖြစ်သည်၊ တစ်ဘက်တွင် အတန်းစားရေးကိုအခြေခံပြီး ဗကပသြဇာကိုခံယူရန်ဖြစ်သည်။ ဤဝါဒရေးရာကွဲမှု သည်တဖြည်းဖြည်းကြီးမားလာပြီး ဇူလိုင်လ(၂၅)ရက်နေ့တွင် ဗဟို၏ကောင်စီဝင်များ နှစ်ခြမ်းကွဲသည်အထိဖြစ် လာခဲ့သည်။ ဗဟိုကောင်စီဝင် တစ်ဝက်မှာ အတန်းစားရေးကိုအခြေခံသည့် ဖေါက်ပြန်ရေးအဖွဲ့တွင် ပါဝင်သွားခဲ့ သည်။ ကျန်သောအမျိုးသားရေးကိုအခြေခံသောအဖွဲ့တွင် ဗဟိုကောင်စီဝင်မစုံတော့သည့်အတွက် ဇူလိုင်လ (၃၁) ရက်နေ့မှ သြဂုတ်လ(၂)ရက်နေ့အထိ အစည်းအဝေးတရပ် ပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် ဗဟို ကောင်စီမစုံတော့သည့်အတွက် နိုင်ငံရေး၊ စစ်ရေးကောင်စီကိုသာဖွဲ့စည်းရန် ဆုံးဖြတ်ကြသည်။ နိုင်ငံရေး၊ စစ်ရေးကောင်စီတွင် ဗိုလ်ချုပ်မန်းအောင်သန်းလေးကို အတွင်းရေးမှူးချုပ်အဖြစ်ဖြင့်လည်းကောင်း၊ ဂျော်နီစိုးကို အတွင်းရေးမှူး(၁)အဖြစ်ဖြင့်လည်းကောင်း၊ ဗိုလ်မှူးကြီးပလျားရယ်ကို အတွင်းရေးမှူး(၂) အဖြစ်ဖြင့်လည်း ကောင်း အသီးသီးတာဝန်ခွဲဝေပေးခဲ့သည်။ ၁၉၈ဝ-ပြည့်နှစ်တွင် ခုခံတော်လှန်ရေး၏ခေါင်းဆောင်များ အမည် စာရင်းကိုရေးသားပြီး တပ်များကိုစေလွတ်ကာ တရွာဝင်တရွာထွက်မဲဆန္ဒကောက်ခံခဲ့ရသည်။ ဆန္ဒမဲအများဆုံး ရရှိသော ခေါင်းဆောင်(၅)ဦးဖြင့် ဦးဆောင်အာဏာပိုင်အဖွဲ့ ဖွဲ့စည်းခဲ့သည်။ ဤအမျိုးသားကွန်ကရက်တွင် တက်ရောက်လာသော လူထုကိုယ်စားလှယ်များကို ခုခံတော်လှန်ရေး၏အဖြစ်အပျက်များကို ရှင်းလင်းပြီး ဦးဆောင်အာဏာပိုင်အဖွဲ့ကို ဆက်လက်အတည်ပြုရန်ဖြစ်သည်။ ဦးဆောင်အာဏာပိုင်အဖွဲ့တွင် စောမော်ရယ် အား ဥက္ကဌအဖြစ် တင်မြောက်ခဲ့သည်။

 

၉။ အမျိုးသားကွန်ကရက်မှ ပါတီ ကွန်ကရက်သို့

 

၁၉၈၆-ခုနှစ်တွင် အမျိုးသားကွန်ကရက်ကို မခေါ်ယူနိုင်တော့ဘဲ ဆဌမမြောက်ပါတီကွန်ကရက်ကိုသာ ကျင်းပနိုင်ခဲ့သည်။ ဆဌမမြောက်အကြိမ်ပါတီကွန်ကရက်ဟုခေါ်ဆိုရာ၌ ပထမပါတီကွန်ကရက်က စတင် ရေတွက်သည်မဟုတ်ဘဲ နောက်ဆုံးကျင်းပနိုင်သည့် ပဉ္စမအကြိမ်မြောက် အမျိုးသားကွန်ကရက်ကိုအခြေခံပြီး ရေတွက်ခြင်းပင်ဖြစ်သည်။ ဤပါတီကွန်ကရက်တွင် ဗိုလ်မှူးကြီးပလျားရယ်ကို ဥက္ကဌအဖြစ် ရွေးချယ် တင်မြှောက်ပြီး ယာယီအစိုးရ ဖွဲ့စည်းခဲ့သည်။

၁၉၉၂-ခုနှစ်၊ ဇူလိုင်လတွင်သတ္တမအကြိမ်မြောက် ပါတီကွန်ကရက်ကိုကျင်းပပြီး ပါတီဗဟိုကော်မတီဝင် (၂၁)ဦးကို ရွေးကောက်တင်မြှောက်ခဲ့သည်။ ကွန်ကရက်တွင်မဲအများဆုံးရရှိသော ပါတီကော်မတီဝင်ကို ပါတီ ဥက္ကဌအဖြစ်လည်းကောင်း၊ ဒုတိယမဲအများဆုံးရသော ပါတီကော်မတီဝင်ကို ပါတီဒု-ဥက္ကဌအဖြစ်လည်းကောင်း ရွေးချယ်တင်မြှောက်ထားသောစနစ်ကို ကျင့်သုံးခဲ့သည်။ မဲအများဆုံးရရှိသော ရဲဘော်မန်းအောင်သန်းလေး က ဥက္ကဌအဖြစ်၊ ဒုတိယမဲအများဆုံးရဲဘော်ထဲဘူးဖဲ ဒု-ဥက္ကဌအဖြစ်ပါတီကို ကွပ်ကဲရသည်။ အတွင်းရေးမှူးကိုမူ ပါတီဗဟိုကော်မတီအစည်းအဝေးမှ ရွေးချယ်ခဲ့သည်။ ဤကွန်ကရက်တွင် နိုင်ငံတော်ဥသျှောင်သမ္မတစနစ် စတင်ကျင့်သုံး၍ သမ္မတအဖြစ်ရဲဘော်စောမော်ရယ်အား ရွေးချယ်တာဝန်ပေးခဲ့သည်။

၁၉၉၃-ခုနှစ်တွင် KNPP အနေဖြင့် နဝတနှင့် အပစ်ခတ်ရပ်စဲရေးအတွက် စတင်ဆွေးနွေးပြီး ၁၉၉၅-ခုနှစ်၊ မတ်လ(၂၁)ရက်နေ့တွင် နဝတနှင့် အပစ်ခတ်ရပ်စဲရေးကိုစတင်ပြုလုပ်ခဲ့သည်။ သို့သော် ၁၉၉၅-ခုနှစ်၊ ဇွန်လ(၂၉)ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်သွားခဲ့သည်။ ၁၉၉၅-ခုနှစ်၊ နိုဝင်ဘာလ (၁ဝ)ရက်နေ့ တွင် ခူးဦးရယ်ဦးဆောင်သည့်(၅)ဦးပါ KNPP ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်သို့သွားရောက်ပြီး အပစ်အ ခတ်ရပ်စဲရေး ပြန်လည်ရရှိရေးအတွက် နဝတနှင့် ဆွေးနွေးပါသော်လည်း နဝတဘက်မှသဘောမတူ ဘဲ ပယ်ချခဲ့သည်။ သို့အတွက်ကြောင့် နဝတနှင့်ဆက်လက်တိုက်ခိုက်နေရခြင်း ဖြစ်သည်။

၁၉၉၆-ခုနှစ်၊ ဒီဇင်ဘာလတွင် အဌမအကြိမ်မြောက် ပါတီကွန်ကရက်ကျင်းပပြုလုပ်ခဲ့သည်။ ကွန်ကရက်တွင် အမြဲတမ်းပါတီဗဟိုကော်မတီဖြစ်သော ရဲဘော်ပလျားရယ်ကို နိုင်ငံတော်သမတအဖြစ် လည်းကောင်း ရဲဘော်ထဲဘူးဖဲကို ပါတီဥက္ကဌနှင့်ဝန်ကြီးချုပ်အဖြစ်လည်းကောင်း ရွေးချယ်တာဝန်ပေးခဲ့သည်။ ရဲဘော်မန်းအောင်သန်းလေးကို ဒု-ဥက္ကဌအဖြစ် ရွေးချယ်တာဝန်ပေးခဲ့သည်။

၁၉၉၈-ခုနှစ်၊ မေလတွင် သမတပလျားရယ် ဦးဆောင်သည့် KNPP ကိုယ်စားလှယ် (၇)ဦးပါဝင်သော အဖွဲ့သည်ရန်ကုန်သို့သွားရောက်ပြီး အပစ်ခတ်ရပ်စဲရေးပြန်လည်ရရှိရေးအတွက် နအဖနှင့်ဆွေးနွေးခဲ့သည်။ သို့သော် မအောင်မြင်ဘဲ ပြန်လာကြသည်။

၂ဝဝ၁-ခုနှစ်၊ ဇန္နဝါရီလ ပဌမအပါတ်တွင် နဝမအကြိမ်မြောက် ပါတီကွန်ကရက်ကို ကျင်းပပြုလုပ်ခဲ့ သည်။ ဤကွန်ကရက်တွင် ပါတီဗဟိုကော်မတီဝင်များကိုရွေးချယ်ပြီး ပါတီဥက္ကဌအဖြစ် ရဲဘော်ထဲဘူးဖဲအား ရွေး ချယ်ခဲ့သည်။ ထို့နောက်အမျိုးသားညီလာခံကိုကျင်းပပြီး လွတ်တော်အမတ် (၄ဝ)ဦးကိုရွေးချယ်ခဲ့သည်။ လွတ်တော်ဥက္ကဌကို ခူဘျားရယ်အားလည်းကောင်း၊ သမ္မတကို ဆရာကြီးဆယ်မြူရယ်အားလည်းကောင်း ဝန်ကြီးချုပ်ကိုပါတီဒု-ဥက္ကဌဖြစ်သော ရဲဘော်မန်းအောင်သန်းလေး အားလည်းကောင်း အသီးသီး ရွေးချယ် တာဝန်ပေးခဲ့သည်။

၂ဝဝ၅-ခုနှစ်၊ မေလ(၂၇)ရက်နေ့မှ ဇွန်လ(၂)ရက်နေ့အထိတွင် ဒဿသ မ အကြိမ်မြောက်ပါတီ ကွန်ကရက်ကို ကျင်းပခဲ့သည်။ ကွန်ကရက်တွင် ပါတီဗဟိုကော်မတီဝင်တွေကို ရွေးချယ်ပြီး ရဲဘော်ထဲဘူးဖဲကို ပါတီဥက္ကဌအဖြစ် ရွေးချယ်ခဲ့သည်။ ထို့နောက် အရံပါတီဗဟိုကော်မတီဝင်များကို ရွေးချယ်ခဲ့သည်။ ပါတီဥက္ကဌ ကို ဝန်ကြီးချုပ်တာဝန်ပါ ပူးတွဲပေးအပ်ခဲ့သည်။ ကွန်ကရက်ပြီးလျှင်ပြီးချင်း ပါတီဗဟိုကော်မတီ ပဌမအကြိမ် ဗဟိုကော်မတီအစည်းအဝေးပြုလုပ်ပြီး ရဲဘော်အေဘယ်တွိဒ်အားပါတီ ဒု-ဥက္ကဌအဖြစ် လည်းကောင်း၊ ရဲဘော်ရီမန်ထူးအား ပါတီအတွင်းရေးမှူး(၁) အဖြစ်လည်းကောင်း၊ ရဲဘော်ဦးရယ်အား ပါတီအတွင်း ရေးမှူး(၂) အဖြစ်လည်းကောင်း ရွေးချယ်ခဲ့သည်။

 

၁ဝ။ ပါတီ၏ လက်ရှိအခြေအနေ၊

 

ယခု လက်ရှိပါတီ၏အင်အားမှာ တင်းပြည့်ပါတီဝင်(       )ဦး ရှိသည်။ ပါတီကို ပါတီခွဲ၊ ပါတီစု၊ ပါတီစိတ်တို့ဖြင့် ဖွဲ့စည်းထားသည်။ လက်ရှိပါတီခွဲ (၂)ခွဲရှိပြီး ၄င်း၏အောက်တွင် ပါတီစုများနှင့် ပါတီစိပ်များဖြင့် ဖွဲ့စည်းထားသည်။