မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒရေးဆွဲရေးလုပ်ငန်းစဉ်အတွက် ကရင်နီပြည်လူငယ်ကိုယ်စားလှယ်ရွေးချယ်ရေးဆွေးနွေးပွဲကျင်းပ

KnIC (LKW) 5 Jan

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနတို့ဦးဆောင်မှုဖြင့် ကရင်နီပြည်နယ်အတွင်းရှိ လူငယ်များနှင့် တိုင်းဒေသကြီး၊ ပြည်ယ်များမှ လူငယ်ကိုယ်စားလှယ်များကိုယ်တိုင်ပါဝင်ရေးဆွဲမည့် မြန်မာနိုင်ငံလူငယ်မူဝါဒရေးဆွဲရေးလုပ်ငန်းစဉ်နှင့် ကရင်နီုပြည်လူငယ်ကိုယ်စားလှယ်ရွေးချယ်ရေး ဆွေးနွေးပွဲတစ်ရပ်ကို လွိုင်ကော်မြို့၊ မြို့နယ်ခန်းမတွင် ၂၀၁၇-ခုနှစ်၊ဇန်နဝါရီလ (၅)ရက်နေ့၊ နံနက်(၁၁းဝ၀)နာရီမှ ညနေ(၄း၃၀)နာရီအထိကျင်းပခဲ့ကြောင်းသိရှိရပါသည်။

တိုင်းဒေသကြီး၊ ပြည်နယ်ကိုယ်စားပြု၊ လူငယ်ကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေးပွဲကို(၁၈-၁၁-၂၀၁၆)ရက်နေ့၊ နေပြည်တော်တွင်ကျင်းပပြုလုပ်ခဲ့ရာ ကရင်နီပြည်နယ်ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်များ ပါဝင်လာခြင်းမရှိသည့်အတွက် ၂၀၁၆-ခုနှစ်၊ ဒီဇင်ဘာလ(၂၀)ရက်မှ (၂၁)ရက်အထိနေပြည်တော်တွင်ကျင်းပပြုလုပ်ခဲ့သော လူငယ်မူဝါဒရေးဆွဲရေးကော်မတီအသီးသီး တွေ့ဆုံပွဲတွင် ကရင်နီပြည်နယ်ပါဝင်လာစေရေးအတွက် ညှိနှိုင်းဆွးနွေးပွဲတစ်ရပ်ကို ကျင်းပသွားရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြပြီး ယခုကဲ့သို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ ရွေးချယ်ထားပြီးသော လူငယ် ကိုယ်စားလှယ်များက ကယားပြည်နယ်အစိုးရအဖွဲ့နှင့်အတူ ကရင်နီပြည်နယ်ကိုယ်စားပြု လူငယ် ကိုယ်စားလှယ်များရရှိလာရေးအတွက် ညှိနှိုင်းဆွေးနွေးရခြင်းဖြစ်ကြောင်းသိရပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဦးဝင်းမြတ်အေးမှ “ပြည်သူတွေအဝေဖန်ခံဖို့အတွက် ပြည်သူနဲ့အနီးစပ်ဆုံးမှာရှိနေမယ်။ ပြည်သူတွေယုံကြည်ကိုးစားရတဲ့ ဝန်ကြီးဌာနဖြစ်အောင်ကြိုစားမယ်ဆိုပြီးတော့ ဆောင်ရွက်ခဲ့တာဖြစ်ပါ တယ်။ ပြည်သူထဲကလူငယ်တွေက ကျွန်တော်တို့ဟာ ပြည်သူ့အစိုးရဖြစ်တဲ့အတွက် ကိုယ့်အစိုးရရဲ့လုပ်ဆောင်ချက်တွေကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးပါ။ ယုံကြည်ပေးပါ။ ကျွန်တော်တို့ လုပ်ဆောင်ချက်တွေမှန်သမျှ ဝေဖန်ပေးပါဟုတိုက်တွန်းပြောကြားသွားသည်။ မိမိတို့လုပ်တဲ့လုပ်ငန်းတွေ အကုန်လုံးကို လူငယ်တွေက လက်ဆင့်ကမ်းယူရမှာဖြစ်ကြောင်း၊ ခေတ်အဆက်ဆက်ကလူငယ်များဟာ အရေးပေးခြင်းခံရမှူနည်းပါးကြောင်း၊ တကယ့်တိုင်းပြည်အတွက်လက်ဆင့်ကမ်းပေးဖို့ လူတော်လူကောင်း တွေ၊  စွမ်းစွမ်းတမံဆောင်ရွက်မဲ့ လူတွေကိုလိုက်ရှာရတာ ခက်ခဲရှားပါးကြောင်း၊ ခေတ်အဆက်ဆက် ကလူငယ်တွေဟာ ဤနိုင်ငံတွင်နေဖို့ ခဲယဉ်းကြောင်း၊ ပညာရေးတွင် တကယ့်အလုပ်နဲ့ ပညာနဲ့ မအပ်စပ်ဘူးဖြစ်ခဲ့ရကြောင်း၊ ဤနိုင်ငံ၏ ပညာရေးအဆင့်အတန်းနှိမ့်ကျသဖြင့် ကမ္ဘာအသိအမှတ်ပြု မခံရကြောင်း၊ ဤသို့အသိအမှတ်ပြုမခံရသည့်အတွက် လူငယ်တော်တော်များများ ကအပြင်ထွက်ဖို့ စိတ်ကူးကြတယ်၊ ပညာကိုလိုလားတဲ့သူတွေဟာ အခြားနိုင်ငံကို တတ်နိုင်တဲ့သူတွေကထွက်ခွာကြတယ် မတတ်နိုင်တဲ့သူတွေကမထူးဘူး ဘွဲ့ရပြီးတော့ အလုပ်လက်မဲ့ဖြစ်နေပြီဆိုပြီးတော့ အိမ်နီးခြင်းနိုင်ငံကို ရောက်သွားကြတယ် နောင်တစ်ခါမှာ တိုင်းပြည်ကိုလက်ဆင့်ကမ်းပေးရမဲ့သူတွေဟာ လူငယ်တွေပဲ ဖြစ်တယ်၊ အဲ့လူငယ်တွေဟာနိုင်ငံမှာမရှိတော့ဘူး ရှိတဲ့လူငယ်တွေဟာ ထွန်းထွန်းပေါက်ပေါက် မလုပ်ဆောင်နိုင်ဘူးဆိုတဲ့ အခြေအနေတွေမှာရှိတယ် အချို့ကလေးတွေဟာ လူငယ်တွေဖြစ်တော့မယ် သူတို့ရဲ့ အနာဂတ်ကိုဘာလဲဆိုတာပြန်ကြည့်တဲ့အခါမှာ မရေမရာပဲဆိုတော့ မဖြစ်ဘူးဆိုပြီး ကျွန်တော်တို့ အနေနဲ့ စဉ်းစားတယ် လူငယ်တွေကိုစနစ်တကျစုစည်းပြီးတော့ ပျိုးထောင်မယ်၊ လူငယ်မူဝါဒဆိုတာ ပေါ်ပေါက်ဖို့လိုတယ် အဲ့ဒီမူဝါဒတွေကို လူငယ်တွေကိုယ်တိုင်ရေးဆွဲဖို့လိုတယ်၊ လူငယ်တွေက လူငယ်တွေအကြောင်းကိုအသိဆုံးပဲ၊ လူငယ်ဘဝကိုဖြတ်သန်းလာရတဲ့လူကြီးတွေက အကောင်အထည်ဖော်ကြမယ်” ဟုလူငယ်မူဝါဒရေးဆွဲရေးကော်မတီဖွဲ့စည်းရခြင်းအကြောင်းရင်းကို ဆွေးနွေးသွားပါသည်။

လူငယ်နှင့်ပတ်သက်သော လုပ်ငန်းအားလုံးလုပ်ဆောင်နိုင်ရန်အတွက် လူမှုအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်ကော်မတီဖွဲ့ရာတွင် ဗဟိုကော်မတီအဖွဲ့၊ လုပ်ငန်းကော်မတီစသည်ဖြင့် မူကြမ်းရေးဆွဲရေးကော်မတီ(၃)ရပ်ရှိ ကြောင်း၊ ဗဟိုကော်မတီတွင် အခြားဝန်ကြီးဌာနအချို့နှင့် ပေါင်းစပ်ထားကြောင်းနှင့် ထိုသို့ပါဝင်ဖွဲ့စည်းထားခြင်းသည် ရေးဆွဲထားသော မူဝါဒတွေကို အတည်ပြုပြီးတရားဝင်ဖြစ်အောင် ခွင်ပြုရန်အတွက် ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရပါသည်။

ကယားပြည်နယ်ဝန်ကြီးချုပ်ဦးအယ်ဖောင်းလ်ရှိုမှ ကောင်းမွန်သောရလာဒ်များပေါ်ထွက်လာစေရန် လူငယ်များမှ မိမိတို့၏ တောင်းဆိုချက်၊ ခံယူချက်များကို ပွင့်ပွင့်လင်းလင်း ညှိနှိုင်းဆွေးနွေးပြီး အနာဂတ်နိုင်ငံတော်ရဲ့ ခေါင်းဆောင်များဖြစ်လာမယ့်  လူငယ်များအတွက် မြန်မာနိုင်ငံ၏ လူငယ်မူဝါဒ သတ်မှတ်ချိန်အတွင်း ပြည့်စုံကောင်းမွန်စွာပေါ်ထွက်လာနိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေး ကြဖို့ တိုက်တွန်းနိုးဆော်သွားပါသည်။

ကရင်နီပြည် လူငယ်မူဝါဒရေးဆွဲရေးကော်မတီအဖွဲ့ကို ဖိလစ်စိုးအောင်မှ ကရင်နီပြည်လူငယ်မူဝါဒတစ်ရပ် ပေါ်ထွက်လာစေရန် ၂၀၁၂-ခုနှစ်မှစ လူငယ်များဖိုရမ်ကို နှစ်စဉ်ကျင်းပခဲ့ပြီး ဖိုရမ်မှထွက်ပေါ်လာသောလူငယ်တို့ လိုလားချက်၊ ထင်မြင်ယူဆချက်၊ တောင်းဆိုချက်များ ကိုမှတ်တမ်းတင်ထားပြီး ၂၀၁၃-ခုနှစ်မှ ၂၀၁၅-ခုနှစ်အထိ ပြည်နယ်အတွင်းမှာ ကောက်ခံသောအချက်အလက်တွေကို အခြေခံပြီး လူငယ်ဘဝမြှင့်တင်ရေးအတွက် မျော်မှန်းချက်များအဖြစ် လူငယ်အင်အားစုများကြားတွင်ထားရှိခဲ့ကြောင်းသိရှိရပါသည်။

ကရင်နီပြည်လူငယ်များမှ အခြားဒေသတွင် ကျင်းပပြုလုပ်သော မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်များဖိုရမ်များ၊ ညီလာခံများတွင် တက်ရောက်ဆွေးနွေးခဲ့ပြီး ကရင်နီပြည်ရှိ တိုင်းရင်းသားလူငယ်များ၊ လူငယ်အသင်းအဖွဲ့များမှ ပြည်ထောင်စုအဆင့် လူငယ့်ရေးရာမူဝါဒရေးဆွဲရေးဖြစ်စဉ်တွင် ပါဝင်နိုင်ရန် ကရင်နီပြည်လူငယ်များ နှီးနှောဖလှယ်ပွဲကို ၂၀၁၆-ခုနှစ်၊ စက်တင်ဘာလတွင်ကျင်းပကာပြည်နယ်အဆင့် ကရင်နီပြည်လူငယ်များမူဝါဒ (မူကြမ်း)ကိုရေးဆွဲချမှတ်နိုင်ခဲ့ကြောင်းသိရသည်။ ၂၀၁၆-ခုနှစ်၊ နိုဝင်ဘာလ၊ နေပြည်တော်တွင် ကျင်းပသော လူငယ်ရေးရာမူဝါဒဆိုင်ရာ နိုင်ငံလုံးဆိုင်ရာလူငယ်တွေ့ဆုံပွဲတွင် ကရင်နီပြည်လူငယ်ကိုယ်စားလှယ်(၁၀)ဦးတက်ရောက်ခဲ့ပြီး အစိုးရမှ လူငယ့်ရေးရာမူဝါဒရေးဆွဲနိုင်ရန်အတွက် ကော်မတီသုံးရပ်ကိုဖွဲ့စည်းရာတွင် ဗဟိုဦးစီးမှုလွန်ကဲစွာ ဖွဲ့စည်းထားပြီး ကော်မတီအသီးသီးလိုက်နာရမည့် လုပ်ငန်းလမ်းညွန်များကိုလည်း လူငယ်များနှင့်တိုင်ပင်မှုမရှိပဲ ရေးဆွဲချမှတ်ခြင်း၊ လူငယ့်ရေးရာမူဝါဒရေးဆွဲရေးဖြစ်စဉ်တွင် တိုင်းရင်းသားကို ကိုယ်စားပြုသောလူငယ်အင်အား မရှိခြင်းကြောင့် အောက်ပါတောင်းဆိုချက် (၃)ချက်ကိုတောင်းဆိုလိုက်ကြောင်းသိရသည်။

ကော်မတီအသီးသီးဖွဲ့ စည်းပုံကိုပြင်ဆင်ပေးရန်၊ ယင်းကော်မတီအသီးသီး၏ လုပ်ငန်းလမ်းညွန်များကိုလူငယ်များနှင့်အတူ ရေးဆွဲပေးရန်၊ မြန်မာလူငယ်ရေးရာမူဝါဒရေးဆွဲရေး ဖြစ်စဉ်တွင် တိုင်းရင်းသားလူငယ်ပေါင်းစုံပါဝင်လာစေရန် ဟူသောအချက်များကိုတောင်းဆိုခဲ့ကြသည်။

ကော်မတီဖွဲ့စည်းပုံ(၃)ရပ်လုံး အရေးပါသောနေရာများတွင် အိုင်အင်န်ဂျီအိုနှင့် အစိုးရအဖွဲ့များစွာ ပါဝင်နေပြီး လူငယ်ကိုယ်စားလှယ်ပါဝင်ခွင့် အလွန်နည်းပါးကြောင်း(ဗဟိုကော်မတီ(၃၆)ဦးတွင် (၂)ဦးသာပါ)။ လိုက်နာရမည့်လမ်းညွန်များသည် အစိုးရကချမှတ်ထားသည့်လမ်းညွန်ဖြစ်နေပြီး လူငယ်များက လိုက်နာဆောင်ရွက်ရမည့်အနေအထားဖြစ်နေသောကြောင့် တိုင်းရင်းသားတွေလိုလားတဲ့ ဖယ်ဒရယ်ပြည်ထောင်စုကို သွားရန်ခက်ခဲနိုင်ကြောင်း၊ မိမိတို့တောင်းဆိုချက်များသည် တစ်နိုင်ငံလုံးကိုကိုယ်စားပြုကြောင်းနှင့် မလိုက်လျောနိုင်ပါက ဆက်လက်ပါဝင်နိုင်မည်မဟုတ်ကြောင်းကို တင်ပြဆွေးနွေးသွားပါသည်။

လူမှုဝန်ထမ်းဦးစီးဌာန ညွန်ကြားရေးမှူးဦးအောင်ကျော်မိုးမှ ဖွဲ့စည်းခဲ့ပြီးသော ဗဟိုကော်မတီအား ပြန်လည်ပြင်ဆင်ဖွဲ့စည်းရန်မရှိသလို တောင်းဆိုချက်များမလိုက်လျောနိုင်ကြောင်းအတိအလင်း ပြောကြားလိုက်ကြောင်းသိရသည်။

တောင်းဆိုချက်များမလိုက်လျောနိုင်သည့်အတွက် ဆက်လက်ဆွေးနွေးရန် အစီအစဉ်ပျက်ပြားကာ ဆွေးနွေးပွဲရုပ်သိမ်းလိုက်ကြောင်းသိရသည်။

ထိုဆွေးနွေးပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝင်းမြတ်အေး၊ လူမှုဝန်ထမ်းဦးစီးဌာန ညွန်ကြားရေးမှူးဦးအောင်ကျော်မိုး၊ ကယားပြည်နယ်ဝန်ကြီးချုပ်၊ လူမှုအဖွဲ့အစည်းများ(NRC, IRC, AVSI, Pact Myanmar)၊   ကရင်နီပြည်လူငယ်အဖွဲ့အစည်းများ၊ အခြားပြည်နယ်နှင့်တိုင်းမှ လူငယ်ကိုယ်စားလှယ်များ၊ Lain Technical Support Group တို့မှတက်ရောက်ဆွေးနွေးကြပြီး ဆွေးနွေးပွဲသို့ စုစုပေါင်းအင်အား(၃၀ဝ)ဦး ခန့် တက်ရောက်ကြောင်း သတင်းရရှိပါသည်။

 

(ပိုးမြာ၊ =ကားမြာ)

 

 

 

Leave a Reply